Wednesday, March 22, 2017

Strategy




သမိုင်းကြောင်းတစ်လျှောက် နာမည်ကျော်ကြား အထင်အရှားရှိခဲ့တဲ့ စစ်မဟာဗျူဟာပညာရှင်များက မဟာဗျူဟာ (strategy) ဆိုတဲ့ ဝေါဟာရကို အမျိုးမျိုး အဖုံဖုံ အဓိပ္ပါယ်ဖော်ဆောင်ခဲ့ကြတယ်။ တရုတ်စစ်မဟာဗျူဟာ ပညာရှင် ဆွန်ဇုက မဟာဗျူဟာကို တိုက်ပွဲမဆင်နွဲလိုက်ရဘဲ ရန်သူကိုအညံ့ခံစေကာ မိမိအောင်ပွဲခံ နိုင်လောက်သည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အားသာချက်များကို ဖန်တီးရယူထိန်းသိမ်းထားနိုင်မှု ဆိုသည့်သဘော တင်ပြခဲ့သည်။ စစ်ဘုရင် နပိုလီယံရဲ့ ဦးစီးအရာရှိလုပ်ခဲ့ဘူးသူ ဂျိုမီနီ (Antoine-Henri de Jomini) ကတော့ မဟာဗျူဟာ ဆိုသည်မှာ မြေပုံပေါ်တွင် စစ်ဆင်နွဲခြင်း (making war on the map) ဟုဆိုလေသည်။ တနည်းအားဖြင့် ဆိုရသော် စစ်မြေပြင်တွင် မိမိအသာစီးရရှိနေစေရန် တွေးဆစစ်ကစားခြင်းပင်ဖြစ်သည်။ ကမ္ဘာကျော်စစ်ပညာရှင်ဖြစ်သည့် ကလော့ဇ၀ရှ် (Carl von Clausewitz) ကတော့ နည်းဗျူဟာ (tactic) နဲ့ မဟာဗျုဟာ (strategy)
ကိုခွဲခြားပြပြီး နည်းဗျူဟာဆိုသည်မှာ ထိတွေ့တိုက်ပွဲစဉ်တွင် အောင်ပွဲရရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များအား ကိုင်တွယ်အသုံးပြုခြင်းဟုဆိုကာ မဟာဗျူဟာ ဆိုသည်မှာ စစ်ပွဲ၏ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန်အတွက် ထိတွေ့တိုက်ပွဲဖြစ်စဉ်များကို အသုံးပြုခြင်း ဟုဆိုလေသည်။ ဂျာမန် စစ်သူကြီးတစ်ဦးဖြစ်သည့် မော်လခဲ (Helmuth von Moltke) ကတော့ မဟာဗျုဟာကို အောင်ပွဲရရှိသည်အထိ စစ်ပွဲ၏ပြောင်းလဲနေသော အခြေအနေအရပ်ရပ်ကို မိမိအကျိုးအမြတ်ရရှိအောင် လိုက်လျှောညီထွေရှိစေခြင်း (opportunely adapting to war's changing circumstances until victory is achieved) လို့ဆိုပါတယ်။ ဗြိတိသျှ မဟာဗျူဟာပညာရှင် လစ်ဒယ်ဟတ် (Basil Liddell Hart) ကတော့ မူဝါဒရည်မှန်းချက်ပန်းတိုင်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာအရင်းအမြစ်များကို ဖြန့်ခွဲအသုံးချသည့် အတတ်ပညာ (the art of distributing and applying military means to fulfill the ends of policy) လို့ဆိုပါတယ်။ နောက်ထပ် ဗြိတိသျှ မဟာဗျူဟာရှင်တစ်ဦးဖြစ်တဲ့ လောရင့်ဖရီမင် (Lawrence Freedman) ကတော့ မဟာဗျူဟာကို ပါဝါစွမ်းပကားများဖြစ်ထွန်းစေသည့် အတတ်ပညာ (the art of generating power) ဟုဖွင့်ဆိုခဲ့သည်။ မျက်မှောက်ခေတ် မဟာဗျူဟာပညာရှင်တစ်ဦးဖြစ်သည့် ကော်လင်းဂရေး (Colin Gray) ကတော့ မဟာဗျူဟာ ဆိုသည်မှာ နိုင်ငံရေးရည်မှန်းချက်များနှင့် စစ်ရေးဆိုင်ရာအရင်းအမြစ်များကို ပေါင်းကူးပေးသည့် တံတားတစ်စင်း (a bridge linking political aims and military means) လို့တင်စားထားပါတယ်။ မဟာဗျူဟာ (strategy) ဆိုတဲ့ဝေါဟာရဟာ ၈ရာစုခေတ် ခေါမဝေါဟာရ ဖြစ်တဲ့ stratēgía ကဆင်းသက်လာတာပါ။ ဒီနေရာမှာ stratēgía ဆိုတဲ့ ဝေါဟာရကိုက စစ်ဗိုလ်ချုပ်တို့၏အတတ်ပညာ ဆိုသည့် သဘောပါဝင်လျှက်ရှိပါတယ်။ ခေါမဝေါဟာရဖြစ်တဲ့ stratēgía ဟာလည်း သူ့ထက်ရှေးကျတဲ့ ခေါမဝေါဟာရ ၂ခုကနေပေါင်းစည်းပြီး ဖြစ်ပေါ်လာတာပါ။ ပထမတစ်ခုက streategike episteme လို့ခေါ်တဲ့ စစ်ဗိုလ်ချုပ်ကြီးများ၏သုတပညာ (generals' knowledge) ဖြစ်ပြီး နောက်တစ်ခုကတော့ strategon sophia လို့ခေါ်တဲ့ စစ်ဗိုလ်ချုပ်ကြီးများ၏ ဥာဏ်အမြှော်အမြင် (generals' wisdom) တို့ဘဲဖြစ်တယ်။ ဒါကြောင့်မို့ ခေါမဝေါဟာရဖြစ်တဲ့ stratēgía ဆိုတာဟာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဓမ္မဓိဋ္ဌာန်ကျသောသုတပညာ (objective knowledge) နဲ့ ပုဂ္ဂလဓိဋ္ဌာန်ကျသော ကျွမ်းကျင်မှု (subjective skill) တို့ပေါင်းစည်းထားခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့်မို့ မျက်မှေက်ခေတ်မှာ မဟာဗျူဟာ (strategy) ဆိုတာကို စစ်ဗိုလ်ချုပ်ကြီးများ၏အတတ်ပညာ (the art of the generals) လို့ အတိုချုပ် အလွယ်ပြောလေ့ ရှိကြပါတယ်။
3.22.2017

No comments:

Post a Comment